ငဖဲမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ငဖဲ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်း ကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်၊ ဘိုမျိုး (ရွှေဘို) ရေးသားသည့် မွှေးမြပွင့်လန်းလွတ်လပ်ရေးပန်း (ကဗျာ)၊ အေးအတူပူအမျှ (၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ကျင်းပသော ဖဆပလညီလာခံကြီးတွင်ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်) လွတ်လပ်ရေးကို ကာကွယ်ရမယ် (၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်)၊ အသက်တမျှ အရေးကြီးသည့် လွတ်လပ်ရေး (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၄ ရက်နေ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)၊ ဓါတ်ပုံနှင့် သရုပ်ဖော်ရုပ်ပြများ ပါဝင်သည်။

အဆိုပါ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းနှင့် ဝန်ထမ်းများက  ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)