လှည်းကူး ဒီဇင်ဘာ ၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းများ အသင်းချုပ် ညီနောင်အသင်းများနှင့် လှည်းကူးမြို့နယ် စည်ပင်သာယာရေအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများ အဆင်ပြေသက်သာလွယ်ကူစေရန် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား လှည့်လည်ဈေးကားများဖြင့် ရောင်းချနေမှုကို ယမန်နေ့ နံနက်(၇)နာရီက ပြည်တော်သာရပ်ကွက် ဒါးပိန်လမ်းခွဲနေရာတို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေချောမွေ့စေရန် ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူစားသုံးနိုင်ပြီး ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးစေရန် နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လှည်းကူး မြို့နယ်အတွင်း လူစည်ကားရာနေရာများသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန် ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းအမျိုးမျိုး စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)