ပန်းဘဲတန်းမြို့နယ်တွင် သားအိမ်ခေါင်းကာကွယ်ဆေး (HPV) ကာကွယ်ဆေးထိုး လုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ပန်းဘဲတန်း ဒီဇင်ဘာ ၁

 

ပန်းဘဲတန်းမြို့နယ်တွင် သားအိမ်ခေါင်းကာကွယ်ဆေး (HPV) ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်း က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံမှု ပြည့်ဝအောင်မြင် ရေး ရပ်ကွက်များအတွင်းနှိုးဆော်ပေးရန်၊ သားအိမ်ခေါင်းကာကွယ်ဆေးအား နိုင်ငံတော် ဘဏ္ဍာငွေအပြင် Gavi, the vaccine alliance တို့မှ ပူးပေါင်းကျခံ၍ အခမဲ့ထိုးနှံပေးခြင်း ဖြစ်သည့် အတွက် ရပ်ကွက်အလိုက် ထိုးနှံရမည့်အမျိုးသမီးငယ်များ ကျန်ရှိမှုမရှိစေရေးအတွက် ရပ်ကွက်များအတွင်းနှိုးဆော်ပေးခြင်း၊ စာရင်းပြုစုပေးခြင်းများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက သားအိမ်ခေါင်း ကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သော  ဆေးတစ်မျိုး ဖြစ်သည့် အတွက် မိမိမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအားလုံး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဂျူးဂျူးဟန်က သားအိမ်ခေါင်း ကာကွယ်ဆေး လာရောက်ထိုးနှံမည့် အမျိုးသမီးငယ်များ အသက်အရွယ်မမှားစေရန် ‌အထောက်အထား၊ ထောက်ခံချက်များ ပါလာရန် လိုအပ်ကြောင်း၊ သားအိမ်ခေါင်း ကာကွယ်ဆေးထိုးနှံရန် လာရောက်ချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများဖြစ်သော နှာခေါင်းစည်း၊ Face Shield မဖြစ်မနေတပ်ဆင်လာပေးရန်၊ သားအိမ်ခေါင်းကာကွယ်ဆေး ကို ဒီဇင်ဘာလ (၂)ရက်နေ့မှ စတင်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံ ပေးမည်ဖြစ်ကြောင်း၊ ရပ်ကွက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်နှိုးဆော်ပေးရန်နှင့် အားလုံးပူးပေါင်းပါဝင်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းနှိုးဆော်ပေးရမည့်အချက်များနှင့် ပတ်သက် ပြီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။

နေခြည် (ပြန်/ဆက်)