သရက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝမ်းထွန်းနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက သရက်မြို့ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်ဖြန့်ဝေခဲ့သည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၄-၁-၂၀၂၄ ရက်နေ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်၊ ဘိုမျိုး (ရွှေဘို) ရေးသားသည့် မွှေးမြပွင့်လန်း လွတ်လပ်ရေးပန်းကဗျာ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်ခေါင်းစဉ်ဖြင့်(၁၉၄၈ခုနှစ်၊ ဇန်နဝါရီ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ အေးအတူ ပူအမျှခေါင်းစဉ်ဖြင့် (၁၉၄၆ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ကျင်းပသော ဖဆပလညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ ကာတွန်းများပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)