စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စွမ်းအားမြှင့်မီးဖို (၁၇၀၀၀)ကျော်ဖြန့်ဝေပေးသွားမည်

မုံရွာ ဒီဇင်ဘာ ၁

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ထင်းလောင်စာသုံးစွဲမှုကို လျော့ချပေးနိုင်သော စွမ်းအားမြှင့်မီးဖို (၁၇၈၂၀)လုံးကို ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။

“အပူပိုင်းဒေသအတွင်းမှာ နေထိုင်ကြတဲ့ ကျေးလက်ဒေသနေပြည်သူတွေ အဓိက လိုအပ်နေတဲ့ ထင်းလောင်စာကို အသုံးပြုမှုလျော့ချနိုင်မဲ့ နည်းလမ်းတွေကို စဉ်းစား တဲ့အခါမှာ စွမ်းအားမြှင့်မီးဖို အသုံးပြုခြင်း အားဖြင့် ထင်းလောင်စာသုံးစွဲမှုကို လျော့ချ ပေးနိုင်တာဖြစ်တဲ့အတွက် အခမဲဖြန့်ဝေပေးဖို့ စီစဉ်ပေးတာ ဖြစ်ပါတယ်၊ စွမ်းအားမြှင့် မီးဖိုတွေကို ပိုမိုသုံးစွဲဖို့အတွက်ကိုလည်း အသိပညာပေးဟောပြောတာတွေ လုပ်ဆောင် ပေးသွား မှာဖြစ်ပါတယ်၊ အခုဘဏ္ဍာရေးနှစ်မှာတော့ စွမ်းအားမြှင့်မီးဖို အမျိုးအစား(၂)ခုကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။

အပူပိုင်းဇုန်အတွင်းကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထင်းလောင်စာသုံးစွဲမှုကို လျော့ချ ပေးနိုင်သည့် စွမ်းအားမြှင့် မီးဖိုများဖြစ်သော အေဝမ်းမီးဖို (၁၄၄၂၀)လုံးနှင့် သံပုန်းခွန်စွပ် မီးဖို (၃၄၀၀)လုံး စုစုပေါင်း (၁၇၈၂၀)လုံးအား ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)