သန်လျင်မြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ရန်ကုန် ဒီဇင်ဘာ ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မွေးကင်းစမှ အသက် (၅) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့များ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ကလေးငယ်များအား ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို ကိုဗစ်- ၁၉ ကာလအတွင်း ယာယီရပ်ဆိုင်းထားခဲ့ရာမှ မြို့နယ်အသီးသီးတွင် ယခုပြန်လည် ထိုးနှံပေးလျက်ရှိရာ ကလေးငယ်များအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် အသက် (၂) လနှင့် (၄)လအရွယ် ကလေးငယ်များကို ကာကွယ်ဆေး (Rotarix) ထည့်သွင်း တိုက်ကျွေးပေးသွားမည်ဖြစ်ပြီး အသက် ၇ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေးများဖြစ်သော (ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်)နှင့်အတူ ကာကွယ်ဆေးများအား တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သန်လျင်မြို့နယ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းများကို လစဉ် ပထမအပတ်တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည့်သူ့ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သက်ခိုင် (သန်လျင်)