ကွမ်းခြံကုန်း ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းကိုအလေးထား၍ဆောင်ရွက်ကြရန် နေ့စဉ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ မှ လူအများ သွားလာရာ နေရာများဖြစ်သော မြို့မဈေးကြီးအတွင်း နှင့်မြို့လယ် ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် ယမန်နေ့မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နှာခေါင်းစည်း (mask) တပ်ဆင်သွားလာမှုရှိ၊မရှိ ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ၊ ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှညွှန်ကြားထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ၊ ပါးစပ် နှာခေါင်းစည်း(mask) များတပ်ဆင်ကြရန် ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာဆေးကြောရန် ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာနေ၍ အရောင်းအဝယ်ပြုကြရန်တို့ကိုအသိပညာပေးခြင်း ၊မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် သွားလာနေသော အများပြည် သူများ စက်ဘီး၊ ဆိုင်ကယ် ၊အနှေးယာဉ် ၊ မော်တော် ယာဉ်များ ပေါ်တွင် စီးနင်းလိုက်ပါ လာသူများအားနှာခေါင်းစည်း(mask)တပ်ဆင်လာခြင်းရှိ၊မရှိ ကြပ်မတ်စစ်ဆေးခြင်း ၊တပ်ဆင်လာခြင်းမရှိသူများအား ဒဏ်ငွေ(၂၀၀)ကျပ်ပေးဆောင်စေ၍ နှာခေါင်းစည်း(mask) တစ်ခုပေးပြီး ချက်ချင်း တပ်ဆင်စေ၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များကို လိုက်နာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)