ပုလဲ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ၃ဦးသည် ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်လာ၍ ဒီဇင်ဘာ ၁ရက်၊နံနက် ၁၀နာရီခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ပုလဲမြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က “ ကျွန်တော်တို့မြို့နယ်မှာ နိုဝင်ဘာ၂၀ရက်နေ့က ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့တဲ့ ခေါ်သန္တီကျေးရွာမှ အသက်၃၂နှစ်အရွယ်အမျိုသား တစ်ဦးနဲ့ မင်းတိုင်ပင်ကျေးရွာမှ အသက် ၄၇နှစ်အရွယ် အမျိုးသား တစ်ဦး၊နိုဝင်ဘာ ၂၁ရက်နေ့ကကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့တဲ့ ခေါ်သန္တီကျေးရွာမှ အသက် ၃၂အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း ပိုးတွေ့လူနာ ၃ဦးကို ကျေးရွာQuarantineထားရှိတဲ့ နေရာကနေ ခေါ်ဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ IsolationWardမှာ ထားရှိပြီး ကျန်းမာရေး စောင့်ရှောက် ကုသမှုများကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ ရက်မှစ၍ ၁၀ရက် အတွင်း လူနာ ၃ဦးဟာ ရောဂါလက္ခဏာ မပြဘဲ ကျန်းမာရေးကောင်းမွန်နေတဲ့အတွက်ကြောင့် ယနေ့ဒီဇင်ဘာ ၁ ရက်၊ နံနက်ပိုင်းမှာ မြို့နယ်ပြည်သူ့ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံကနေ ဆင်းခွင့်ရရှိတဲ့ အမျိုးသား ၃ ဦးကို ကျန်းမာရေး ဝန်ထမ်းများက နှုတ်ဆက် အားပေးစကားများ ပြောကြား၍ ဆေးရုံဆင်း လက်မှတ် များကို ပေးအပ်ခဲ့ပါ တယ်။ ၎င်းတို့၃ဦးအနေနဲ့ကျေးရွာများသို့ ပြန်လည် ရောက်ရှိချိန်မှာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနှင့်အညီ Home Quarantine ( ၇ )ရက် နေထိုင်ဖို့ကိုလည်း မှာကြားထားပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၆ ဦးနှင့်သံဃာတော် တစ်ပါး ရှိသည့် အနက် ဒီဇင်ဘာ ၁ရက်၊နံနက်ပိုင်းတွင် လူနာ၃ဦးသည် ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့သောကြောင့် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ ၃ဦးနှင့် သံဃာ တော် တစ်ပါးသာ ကျန်ရှိကြောင်း မြို့နယ်COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သတင်းရရှိသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)