ဒဂုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV ကာကွယ်ဆေးထိုးခြင်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ဒဂုံ ဒီဇင်ဘာ ၁

ဒဂုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV ပုံမှန်ကာကွယ်ဆေးထိုးခြင်း အသိပညာ ပေး ဆွေးနွေးပွဲကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးမှ အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရွှေပြည်မှ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ သြဂုတ်လအတွင်း မွေးဖွားသော အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း အမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းအောင်မြင်ရေး၊ အမျိုးသမီးငယ် တစ်ဦးအတွက် ကာကွယ်ဆေး တစ်ကြိမ်၏ တန်ဖိုး ၉ ဒေါ်လာ ကုန်ကျသည့်အတွက် ရက်ကွက်အလိုက် ထိုးနှံရမည့် အမျိုးသမီးငယ်များ ကျန်ရှိမှုမရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ ရက်ကွက်အုပ်ချုပ် ရေးမှူးများအား Hand Speaker များဖြင့် နိုးဆော်ပေးရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံမည့် အမျိုးသမီးငယ်များအား အသက်အရွယ်မမှားစေရန် ခိုင်လှုံသည့် အထောက်အထား တစ်ခုခု ယူဆောင်လာရန်နှင့် ကာကွယ်ဆေးထိုးရန် လာရောက်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများဖြစ်သော နှာခေါင်းစည်း (Mask) နှင့် Face Shield မဖြစ်မနေ တပ်ဆင်လာရန်နှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် တစ်နေ့လျှင် လူဦးရေ ၅၀ နှုန်းဖြင့် သတ်မှတ်ထိုးနှံပေးမည် ဖြစ်ကြောင်း ရပ်ကွက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်ပေးကြပါရန်နှင့် အားလုံးပူးပေါင်းပါဝင် ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဒဂုံမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုး နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မိုးမိုးခိုင် ( ပြန်/ဆက်)