ပွင့်ဖြူ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး ပြုစု စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ကုသဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ပြည်ထောင်စု ဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေဖြင့် ယခင်မူလရှိ ဆေးရုံဟောင်းအဆောက်အဦအား အသစ်ပြန် လည်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအခြေအနေအား ဒီဇင်ဘာ ၁ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်း ကြည့်ရှုစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေ သိန်းပေါင်း ၆၃၀၀ ဖြင့် မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေသည့် အလျား ၁၄၁ ပေ ၊ အနံ ၁၁၀ ပေ ၆ လက်မ ၊ အမြင့် ၁၃ ပေ အာရ်စီတစ်ထပ် အသစ်ပြန်လည် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးတင်ဝေ က ကုန်းဇောင်းတိုက်နယ် ဆေးရုံသည် ရေဝပ်ဧရိယာတွင် ပါဝင်သည့်အတွက် မိုးရာသီကာလ ရေဝပ်မှုများ ကင်းဝေးစေရန် (Print Level)အမြင့် ၅ ပေ ထည့်သွင်း၍ တည်ဆောက်ထားရှိမှုနှင့် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက တင်ဒါပါ စည်းကမ်းချက်များနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီခြင်း ရှိ/ မရှိ တိုင်းတာစစ်ဆေးခဲ့ ကြသည်။
အဆိုပါ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံ အသစ်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက် ပြီးစီးသွားပြီဖြစ်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို အဆင်ပြေစွာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )