ဇီးကုန်းမြို့နယ် သစ်ဖြူကွင်း‌ကျေးရွာတွင် မြစိမ်းရောင်‌ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ်‌မြောက် ထုတ်ချေး

ဇီးကုန်း  ဒီဇင်ဘာ  ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် သစ်ဖြူကွင်းမြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့ မွန်းလွဲ(၁) နာရီအချိန်က သစ်ဖြူကွင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ထိုသို့ချေးငွေထုတ်ပေးရာတွင် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်မှ ချေးငွေထုတ်ချေးပေးရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး၊ သစ်ဖြူကွင်းမြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဥက္ကဋ္ဌမှ ချေးငွေနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို‌ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရန်ပုံ‌ငွေထုတ်‌ချေးရာတွင် အခက်အခဲမရှိစေရေးအတွက် ဇီးကုန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကျေးရွာစီမံကိန်းဝန်ထမ်းများမှ ကျေးရွာ‌ကော်မတီဝင်များ၏ ရန်ပုံငွေထုတ်ချေးမှုအား ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငွေထုတ်ချေးပေးရာတွင် ကိုဗစ်ကာလဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း နှင့် သစ်ဖြူကွင်း မြစိမ်းရောင်‌ကျေးရွာစီမံကိန်း ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေး လုပ်ကိုင်သူ(၄၄)ဦးအတွက် ငွေကျပ်(၂၅၈)သိန်း၊ မွေးမြူရေး လုပ်ကိုင်သူ(၂၁)ဦးအတွက် ငွေကျပ် (၇၂)သိန်း၊ အသေးစား အရောင်းအဝယ်လုပ်ကိုင်သူ (၆)ဦးအတွက် ငွေကျပ်(၂၃)သိန်း စုစုပေါင်းငွေကျပ် (၃၅၃)သိန်းကို အတိုးနှုန်း ပြား(၅၀)နှင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)