မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ဂန့်ဂေါ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။

အဆိုပါကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ကိုဗစ်-၁၉ ကာလ အတွင်း ယာယီ ရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပြန်လည်ထိုးနှံပေးလျက်ရှိရာ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်နှင့် အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုကာကွယ် ဆေးထိုးဆေးစသည့် ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးနှင့် လူစုလူဝေးမဖြစ်စေရန်အတွက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက်ခြင်းများတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာ‌ရေးဌာနမှ သိရှိရ သည်။

ထင်အောင်နိုင်(ဂန့်ဂေါ)