စစ်ကိုင်း ဒီဇင်ဘာ ၂
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပဒူတိုက်နယ် နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံ နှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် နယ်မြေ အတွင်းရှိ ခက်ခ၊ တလိုင်း ကျေးရွာများရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP )အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ်ကွက်အား ဒုတိယ အကြိမ်မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် ယမန်နေ့၊ နံနက်ပိုင်းက လက်တွေ့သရုပ်ပြသပေးခဲ့ ကြောင်းသိရသည်။
" ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ မိုးသီးနှံ၊ ဆောင်သီးနှံစိုက် ပျိုးတောင်သူတွေကို သက်ဆိုင်ရာသီးနှံများအလိုက် ထွက်နှုန်းကောင်းအောင် နည်းပညာတွေ လက်တွေ့ ပြသ ဆောင်ရွက်ပေးနေပါတယ် အဓိကတော့ ဓာတုပစ္စည်းသုံးစွဲမှုလျော့ချရေးနဲ့ သဘာဝ မြေဩဇာပြု လုပ်သုံးစွဲစေရန်၊ သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲစေရန် တို့ကိုနည်းပညာပေးပြီး ဓာတုရုပ်ကြွင်း အန္တရာယ်အကြောင်းကို ရှင်းလင်းဆွေးနွေးပေးပါတယ် အခလည်းပဲ မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိရေး၊ ဖြုတ်ပိုး/ ဆစ်ပိုးကာကွယ်နှိမ်နင်းရေး၊ စပါးအထွက်နှုန်းလျော့ကျမှုမရှိစေရန်နှင့် အလေအလွင့်နည်းပါး စေရန်အတွက် ကြိုတင်အချိန်မီ ရိတ်သိမ်းကြဖို့ ပညာပေးဆောင်ရွက်နေတာပါ " ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ တိုက်နယ်နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ မေးမြန်းဆွေးနွေး ဆောင်ရွက်နိုင်ကြောင်းကိုလည်း ဆက်သွယ် ဆောင်ရွက်ပေး ထားကြောင်းသိရသည်။
ဇော်မြင့်နိုင်