ညောင်လေးပင်မြို့နယ် အ.လ.ကခွဲ (သခွပ်ကုန်း) ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ညောင်လေးပင် ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့အခြေခံပညာအလယ်တန်းကျောင်းခွဲ သခွပ်ကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ သခွပ်ကုန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းတို့နှင့်ပတ်သက်၍ လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုဖတ်ရှုစေခြင်း၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)