ဝန်းသို ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဦးစီးဌာနပိုင် တွင်းတူးစက်ကြီးဖြင့် ၄ လက်မခွဲ စက်ရေတွင်း တူးဖော်ပြီးစီးမှုအခြေအနေ၊ လေးလက်မခွဲ တွင်းCover Pipe များချခြင်းလုပ်ငန်း၊ တွင်းဆေး တွင်းမှုတ်ခြင်းလုပ် ငန်း၊ တွင်းနှင့် တွင်း Cover Pipeကြား ကျောက်စရစ်ရံခြင်းလုပ်ငန်း၊ Submersible pump တပ်ဆင်ခြင်းလုပ်ငန်း နှင့် တစ်နာရီဂါလံ(၁၂၀၀)ခန့်ထွက်ရှိမှုအခြေအနေများကို တာဝန်ရှိသူ များက အနီးကပ် ကြပ်မတ်စစ်ဆေးခဲ့ကြပြီး ဂါလံ(၅၀၀၀)ဆံ့ ရေစုကန်အဆင်သင့်ရှိပြီးဖြစ်၍ ရေစက်ရုံနှင့် ရွာတွင်း အိမ်တိုင်ရာရောက် ရေသွယ်စနစ်တို့ကို ဆက်လက်ဆောင်ရွက်သွားကြရန် ကျေးရွာကော်မတီများထံ မှာကြားခဲ့သည်။
ပိန္နဲကုန်းကျေးရွာ၌၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး ဖြစ် သော်လည်း ယခုအခါ ရေအရင်းအမြစ်ခမ်းခြောက်သွားပြီဖြစ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေမှ ငွေကျပ်သိန်း(၁၀၀)ဖြင့် စက်ရေတွင်းတူးဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းပြီးစီးပြီဖြစ်၍ အိမ်ခြေ (၆၆)အိမ်၊ လူဦးရေ(၃၃၄)ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)