ထီးလင်း ဒီဇင်ဘာ ၂
မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေရေး တို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်းရှိ လမ်း/တံတားများအား ဘဏ္ဍာနှစ် အလိုက် အဆင့်မြှင့်တင် ခင်းကျင်း တည်ဆောက် ပေးလျက်ရှိရာ ထီးလင်းမြို့ အမှတ်(၂)၊ ကန်တော်လေးရပ်ကွက် စံပယ်လမ်း ကျောက်ကြီးခံ သစ်သားတံတား တည်ဆောက်နေမှုကို ယမန်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်၊ တာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးမြင့်တို့က ကြည့်ရှုစစ်ဆေးကြပြီး အဆိုပါ ကျောက်ကြီးခံ သစ်သားတံတားမှာ အရှည် ၁၈ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၂ ပေ ရှိကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၆၅ သိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်၍ ယခုအခါ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
အဆိုပါတံတား တည်ဆောက်မှုပြီးစီးပါက ရပ်ကွက်နေပြည်သူများ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)