ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် CERP အစီအစဉ်အရ စိုက်ပျိုးထားသည့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ချောင်းဦး ဒီဇင်ဘာ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ညောင်ပင်သာအုပ်စု၊ ရွှေဒါးကျကျေးရွာ ကွင်းအမှတ်(၁၉၂၅) တောင်သူ ဦးသောင်းညွှန့် ၏ အောင်မြင်ဖြစ်ထွန်းနေသော ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး စီမံမှုဖြင့် အမြင့် စိုက်ပျိုးနည်း ပညာပြန့်ပွားရေးစင်တာ  တာဝန်ခံ ဦးတင်မောင်ဌေးနှင့် စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများ၊‌ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူများမှ လက်တွေ့ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် CERP အစီအစဉ်ဖြင့် နည်းပညာပေးစင်တာအလိုက် RS to CS မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များကို စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများအနေဖြင့် ဆင်းသုခ (၈၈၄) ၊ မနောသုခ (၂၂၁) မိုးစပါးများ အား မြို့နယ်အတွင်း ဧက(၁၁၀၅) စိုက်ပျိုးထားရှိကြောင်း၊  မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါးမျိုးကောင်း မျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးကွဲပါဝင်မှုမရှိစေရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP)လက်မှတ်များ ရရှိရေး တို့အတွက်  ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး ထံမှ သိရသည်။

အဆိုပါ ဆင်းသုခမိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသည့် တောင်သူ ဦးသောင်းညွှန့်၏ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းသုခမိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်(၂)ဧက၌ ၆ ဒသမ ၆ ပေ ပတ်လည် စံကွက်ရိတ်သိမ်းရာ (၁)ဧကပျှမ်းမျှ အထွက်နှုန်း(၁၁၀)တင်း ထွက်ရှိကြောင်း၊ မိုးစပါး ဆင်းသုခ  စံကွက် ၆ ဒသမ ၆ပေ ပတ်လည်ရိမ်းသိမ်းရတဲ့ အတွက် တစ်ဧက အထွက် နှုန်းသိရုံသာမက အထွက်နှုန်းမိတ်ဖက်လက္ခဏာတွေဖြစ်တဲ့ တစ်ဧကကောက်ကွက်၊ အနှံပါပင်ပွား၊ တစ်နှံပါအောင်စေ့၊ အစေ့တစ်ထောင် အလေးချိန် တွေကိုလေ့လာဆန်းစစ်နိုင်ပြီး အားနည်းချက်တွေရှိရင်လည်း ပြုပြင်ဆောင်ရွက် နိုင်ဖို့ တောင်သူတွေ အသိပညာရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမြင့်စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာ ကွင်းတာဝန်ခံ ဦးအောင်ကျော်သူ က ပြောပြသည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အမြင့်စိုက်ပျိုးနည်း ပညာပြန့်ပွားရေးစင်တာ တာဝန်ခံစိုက်ပညာရှင်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မှ တာဝန်ရှိသူများ ၊ အမြင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောသိန်းသန်းချစ်နှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြသခဲ့ကြောင်းသိရသည်။

အိအိအောင်(ချောင်းဦး)