ပန်းတမော့နှင့် ပန်းပွတ်အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် (၂၀၀)ကျပ်တန် ရောင်းချပေး

လှိုင်းဘွဲ ဒီဇင်ဘာ ၂

မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား လက်မှုပညာ ပန်းဆယ်မျိုးကို ပိုမိုသိရှိတန်ဖိုးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတမော့နှင့် ပန်းပွတ်အထိမ်းအမှတ် (၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ ပန်းတမော့အထိမ်းအမှတ် အထူးထုတ်(၂၀၀)ကျပ်တန် တံဆိပ်ခေါင်းသည် ပန်းဆယ်မျိုး တံဆိပ်ခေါင်းတွင် (၇)ခုမြောက်တံဆိပ်ခေါင်းဖြစ်ကာ ကျောက်ကိုလှပအောင် ထွင်းထုပြုလုပ်မွမ်းမံ ခြင်းဖြစ်ပြီး ရုပ်လုံး၊ ရုပ်ထုများ ထုလုပ်၍ အချောကိုင်အမွမ်းတင်ရသော သုခုမအနုပညာတစ်ရပ် ဖြစ်ပြီး တံဆိပ်ခေါင်းပေါ်တွင် ကျောက်သားအား နတ်နဂါးရုပ်၊ ဟင်္သာရုပ်၊ ကျောက်စာထွင်းထုနေ ဟန်များပုံနှိပ်ထားသည်။

ပန်းပွတ်အထိမ်းအမှတ်အထူးထုတ် (၂၀၀)ကျပ်တန်တံဆိပ်ခေါင်းသည် ပန်းဆယ်မျိုး တံဆိပ်ခေါင်းတွင် (၈)ခုမြောက်တံဆိပ်ခေါင်းဖြစ်ကာ သစ်သားကိုမွမ်းမံပြုလုပ်ထား သော လူသုံးကုန်ပစ္စည်းများ၊ လှပသောသစ်သားပွတ်ခံအိုးများ၊ သစ်သားကိုလိုအပ်သော ပုံသဏ္ဍာန် ဖြစ်စေရန် အချောကိုင်ပေးသည့်သစ်သားအနုပညာတစ်ရပ်ဖြစ်ပြီး တံဆိပ်ခေါင်းပေါ်မှာ ပွတ်လုံး အမျိုးမျိုး ပြုလုပ်နေပုံကို ပုံနှိပ်ထားပါသည်။ အဆိုပါတံဆိပ်ခေါင်းကို တိုင်း/ပြည်နယ်အသီးသီးရှိ စာတိုက်များနှင့် မြို့နယ်စာတိုက်များတွင် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)