ပွင့်ဖြူမြို့နယ်၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မေထုန်မဲ့သားစပ်နည်းသင်တန်းဖွင့်လှစ်

ပွင့်ဖြူ   ဇန်နဝါရီ   ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာ၌ မေထုန်မဲ့ သားစပ်ခြင်းနည်းပညာအား ကျွမ်းကျင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် မေထုန်မဲ့သားစပ်နည်း ပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ သည်။

သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားပေးမည့်သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ၎င်းနောက် သင်တန်းသားတစ်ဦးက မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် မေထုန်မဲ့သားစပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသည့် သင်တန်းသား ၂၀ ဦး အား ကျွဲ ၊ နွား တိရစ္ဆာန်များ နှင့် ပတ်သက်သည့် မေထုန်မဲ့ သားစပ်နည်းစနစ်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နည်းစနစ်များနှင့် အခြေခံမွေးမြူရေးဆိုင်ရာ နည်းပညာများကို စာတွေ့ လက်တွေ့ ပို့ချသင်ကြားပေးခဲ့သည်။

အဆိုပါ မေထုန်မဲ့သားစပ်နည်းပညာပေးသင်တန်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်တန်းကာလ (၅)ရက် ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံတောင်သူ သင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)