လသာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV ကာကွယ်ဆေးထိုးခြင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

လသာ ဒီဇင်ဘာ ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV ပုံမှန် ကာကွယ်ဆေး ထိုးခြင်း အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် လသာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုမှ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ သြဂုတ်လအတွင်း မွေးဖွားသော အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံမှု လုပ်ငန်း အောင်မြင်ရေး၊ အမျိုးသမီးငယ် တစ်ဦးအတွက် ကာကွယ်ဆေး တစ်ကြိမ်၏ တန်ဖိုး ၉ ဒေါ်လာ ကုန်ကျ သည့်အတွက် ရက်ကွက်အလိုက် ထိုးနှံရမည့် အမျိုးသမီးငယ်များ ကျန်ရှိမှု မရှိစေရေး၊ စည်ပင်သာယာ ရေးအဖွဲ့ ရက်ကွက်အုပ်ချုပ်ရေးမှူးများအား Hand Speaker များဖြင့် နိုးဆော်ပေးရန် ပြောကြားခဲ့ ကြောင်း သိရှိရသည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များအား အသက်အရွယ်မမှားစေရန် ခိုင်လှုံသည့် အထောက်အထားတစ်ခုခု ယူဆောင်လာရန်နှင့် ကာကွယ်ဆေးထိုးရန် လာရောက်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးပစ္စည်းများဖြစ်သော နှာခေါင်းစည်း (Mask) နှင့် Face Shield မဖြစ်မနေ တပ်ဆင်လာရန်နှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် တစ်နေ့လျှင် လူဦးရေ ၅၀ နှုန်းဖြင့် သတ်မှတ် ထိုးနှံပေး မည်ဖြစ်ကြောင်း ရပ်ကွက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်ပေးကြပါရန်နှင့် အားလုံးပူးပေါင်း ပါဝင်ပေးရန် ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ လသာမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ် ပညာရေးမှူး ဒေါ်စုစုခိုင်နှင့် ဌာနဆိုင်ရာများ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မေသူ (ပြန်/ဆက်)