ရန်ကုန် ဒီဇင်ဘာ ၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များအား ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင်အသင်းများတို့မှ ပူးပေါင်းစီစဉ်မှုဖြင့် သန်လျင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား ဈေးကားများဖြင့် လှည့်လည်ရောင်းချခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်၊ ဖို့မြေလမ်းမကြီး၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဈေးကားများဖြင့်လှည့်လည်ရောင်းချပေးရာသို့ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များက ဈေးဝယ်လာပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အကွာအဝေးအတိုင်း ပါးစပ်နှာခေါင်းစည်း Mask များတပ်ဆင်ပြီးမှ ဈေးဝယ်ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့များက ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်များအတွင်း စားသောက်ကုန်များအား အလှည့်ကျ လှည့်လည်ရောင်းလည်ချပေး သွားမည်ဖြစ်ပြီး ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ကြက်သား ကြက်ဥ၊ သား၊ ငါးများ၊ ကုန်ခြောက်မျိုးစုံနှင့် အသီးအနှံများအား ကုန်စည်ဒိုင် ဈေးနှုန်းများအတိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)