ခရမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲကျင်းပ

 ခရမ်း ဒီဇင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်လှစ်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က ခရမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်း အဝေးခန်းမရှေ့၌ ကျင်းပခဲ့သည်။
ခရမ်းမြို့နယ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ထိုးနှံခြင်း အခမ်းအနားဖွင့်ပွဲကို ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မောင်ရင်က သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးနှင့် HPV (အိတ်ချ်ပီဗီ) ကာကွယ်ဆေးအသစ် စတင်ထည့်သွင်း ထိုးနှံမည့်အကြောင်းအား ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရင်သွေးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ တက်ရောက်ခဲ့ကြသည်။
အဆိုပါ HPV ကာကွယ်ဆေးအသစ် ထိုးနှံပေးသွားမည့် အစီအစဉ်အား ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင် ကာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)အား အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)