ခရမ်းမြို့တွင် မြို့ဝင်၊ မြို့ထွက် အသွားအလာများအား စစ်ဆေးကြပ်မတ်

ခရမ်း ဒီဇင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်းမှ ပြင်ပသို့ ထွက်ခွာသွားလာသူများအား အသွားအလာများ စိစစ်ကာစစ်ဆေး ဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ခရမ်းမြို့အဝင်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်က stay home ကာလဖြစ်တဲ့အတွက် MOHS ရဲ့ ညွန်ကြားချက်တွေနဲ့အညီ နေအိမ်ပြင်ပ ကို သွားလာခွင့်ရှိသူများမှအပ ကျန်သူတွေ မလိုအပ်ဘဲ နေအိမ်ပြင်ပကို ထွက်ခွာမှုမရှိစေရေး ဆိုပြီးတော့ လူဝင်လူထွက်များတဲ့ နေရာတွေမှာ စစ်ဆေးကြပ်မတ်တာကို ဆောင်ရွက်နေတာပါ ဒီလိုစစ်ဆေးမှုကို လည်း stay home ကာလမှ တောက်လျှောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းက ရှင်းပြခဲ့သည်။
မြို့ဝင်၊ မြို့ထွက် အသွားအလာများ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ရာတွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးမိုး၊ အမှတ်(၅၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်(၁၃) ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်အဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မြို့တွင်းသို့ တခြားဒေသမှ လာရောက် လည်ပတ်သူများအား ပြန်လည်စေလွှတ်ခြင်း၊ မြို့တွင်းသို့ ကျန်းမာရေးကိစ္စရပ်နှင့် ကုန်စည်စီးဆင်း နိုင်စေရေးတို့အတွက် ဝင်ရောက်ပါကလည်း သက်ဆိုင်ရာ ထောက်ခံချက်များအား စိစစ်၍  မြို့နယ်တွင်း သို့  ဝင်ရောက်ခွင့်ပြုခြင်းနှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ခွာစေရေးတို့ဖြင့် အသွားအလာများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသလို နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိပါကလည်း နှာခေါင်း စည်းများ (အခမဲ့) ဖြန့်ဝေပေးကာ တပ်ဆင်စေခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)