မုဒုံမြို့နယ်တွင် စာကြည့်တိုက်အဆောက်အဦအသစ် ဆောက်လုပ်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မုဒုံ ဇန်နဝါရီ ၁၁

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘဲရမ်း၊ နိုင်းပြိုင်ကျေးရွာများတွင် ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေသည့် အခြေအနေများကို ယနေ့နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက နိုင်ငံတော်အစိုးရနှင့် ပြည်သူများ စုပေါင်းလှူဒါန်းငွေများဖြင့် ပေ (၂၀ ×၂၀) အတိုင်းအတာရှိ ကျေးရွာစာကြည့်တိုက်အသစ် နှစ်တိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအားကြည့်ရှုပြီး အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရန် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာကြည့်တိုက်အသစ်များ ဆောက်လုပ်ပြီးစီးပါက စာကြည့်တိုက်ပရိဘောဂပစ္စည်းများ၊ စာအုပ်စင်များ၊ စာအုပ်များထားရှိမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)