ပေါက် ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ကျောချောင်းတစ်ဖက်ကမ်းရှိ ဒေသခံ ပြည်သူများ နှင့်ခရီးသွားပြည်သူများ ကျောချောင်းကို ဖြတ်ကူးသွားလာရာတွင် အလွယ်တကူ ဖြတ်သန်းသွား လာ နိုင်ရေးအတွက် အရှည်ပေ ၂၅ဝ ခန့်နှင့် အကျယ် ၄ ပေရှိ ယာယီချောင်းကူး ဝါးတံတားကို ဆောင်းရာသီ ရေနည်းချိန်၌ မြောက်ဘက်ကျေးရွာ စေတနာရှင်အလှူရှင်များစုပေါင်း၍ နိုဝင်ဘာ လဆန်းပိုင်းတွင် ဆောက်လုပ်ပြီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါးတံတား တည်ဆောက်ပြီးသွား၍ ကျောချောင်း တဖက်ကမ်းရှိ မြောက်ဘက် ကျေးရွာအပါ ကျေးရွာပေါင်း(၂၀)ခန့်ရှိဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အနေ ဖြင့် မိမိတို့၏ ဒေသထွက် စိုက်ပျိုးသီးနှံများရောင်းချရေးနှင့် အခြားကိစ္စရပ်များ ပေါ်ပေါက်လာပါက ပေါက်မြို့ပေါ်သို့ ဆိုင်ကယ်များဖြင့်အချိန်မရွေး လွယ်ကူစွာဖြတ်သန်း သွားလာနိုင်သည်။
ပေါက်မြို့နယ်သည် အဓိကချောင်းမကြီး (၂) ချောင်းဖြစ်သော ကျောချောင်းနှင့် ယောချောင်း ဖြတ်သန်းစီးဆင်းရာ မြို့နယ်တစ်ခုဖြစ်ပြီး ယောချောင်း ဘေးတစ်ဖက်ကမ်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယောချောင်းကို ဖြတ်သန်းသွားလာရာတွင် နိုင်ငံ တော်အစီအစဉ်ဖြင့် အမှတ် (၁) ပေါက်တံတား(အုန်းတော)နှင့် အမှတ် (၂) ပေါက်တံတား (ရေပြာ)ဟူ၍ ယောချောင်းကူးတံကြီး နှစ်စင်းတည်ဆောက်ပေးထား၍ ရာသီမရွေး ဖြတ်သန်း သွားလာရ လွယ်ကူပြီး ကျောချောင်းတစ်ဖက်ကမ်းရှိ ဒေသခံပြည်သူများနှင့် ခရီး သွားပြည်သူ များ မိုးတွင်းကာလရောက်ပြီဆိုလျှင် ချောင်းဖြတ်ကူးရာတွင် ဝါးဖောင်များဖွဲ့၍ လူများစုပေါင်း ဆွဲကာ အခက်အခဲမျိုးစုံဖြင့်ဖြတ် သန်းသွားလာရကြောင်း ဒေသခံတစ်ဦးကပြောသည်။
ဆောင်းရာသီရေနည်းချိန်တွင် ဆောက်လုပ်ထားသည့် ယာယီချောင်းကူးဝါးတံတားငယ်သည် ဒေသခံများအတွက် တစ်ရွာနှင့် တစ်ရွာ ဆက်သွယ်သွားလာမှု လွယ်ကူစေသည့်အပြင် လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် များစွာ အထောက် အကူဖြစ်စေလျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး (ပေါက်)