ဝန်းသို ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ Mask နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး အသိပညာ ပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းတို့ကို ယနေ့နံနက် ၇နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၊ မြို့မစည်ပင်သာယာဈေး၊ ယာယီပျံကျဈေး၊ နမ်းခမ်း၊ ဂျိုးတောင်၊ ကင်းမြင်သာကျေးရွာနှင့် ၅ မိုင်လမ်း ဆုံနေရာတို့တွင် တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ COVID-19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး မြို့နယ်အဆင့်ကော်မတီဉက္ကဌနှင့်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူ ပြည်သူများအား Mask နှာခေါင်းစည်းများဝေငှပေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း တို့ကိုပြုလုပ်၍ မိမိကိုယ်ကို ရောဂါကာကွယ်နိုင်စေရေးအတွက် အပြင် ထွက်သည့် အခါတိုင်း နှာခေါင်းစည်း တပ် ဆင်သွားလာကြရန်၊ လူစုလူဝေးနေရာများသို့ မလိုအပ်ဘဲ သွားလာခြင်းမပြုကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင် သွားကြရန် အသိပညာပေးပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၃)ဦးရှိခဲ့ပြီး (၂)ဦးမှာ ဆေးရုံဆင်း သတ်မှတ်ချက်များအရ ကျန်းမာရေးကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုထားပြီးဖြစ်ရာ ကျန်လူနာ ၁ ဦး ကိုလည်း မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ဆေးကုသခံ ယူစေလျက်ရှိကြောင်း သိရသည်။
ကျော်မြိုင်( ပြန်/ ဆက်)