မြဝတီမြို့နယ်တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြဝတီ ဒီဇင်ဘာလ ၂

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲမှု လျော့ချရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ရပ်ကွက်၊ ကျေးရွာများမှ အဆိုပြုလာသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဆောင်ရွက် မည့်လုပ်ငန်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က  ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသန့် ဇင်အောင်နှင့်ဦးအိုက်ကျန်ခမ်း၊ မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် ဌာနဆိုင်ရာများက  ကွင်းဆင်း စစ်ဆေးခဲ့သည်။

မြဝတီမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှာ မြဝတီမြို့ရှိ အမှတ် (၁) ရပ်ကွက် အာဇာနည်ပန်းခြံကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အမှတ် (၄) ရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်းရှိ ကိုယ့်အားကိုယ်ကိုးမှုကြိုကျောင်းရှေ့သံဖရိန်အမိုးတည်ဆောက်ခြင်းလုပ်ငန်း၊ မြဝတီမြို့နယ် အတွင်းရှိ ပေါလောကျေးရွာအုပ်စု၊ ပေါလောကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မဲ့ပလဲ့ ကျေးရွာအုပ်စု၊ ထီးချားရားကျေးရွာတွင်း ကျောက်ရောမြေသားလမ်းခင်းခြင်းလုပ်ငန်း၊  ဖားကလူကျေးရွာအုပ်စု၊ တာအုပ်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊  ဝှေ့ရှမ်းကျေးရွာအုပ်စု၊ အမှတ် (၆ )ရပ်ကွက်နှင့် အမှတ် (၇ ) ရပ်ကွက်ချိတ်ဆက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊   ထီးဝါပလောကျေးရွာအုပ်စု ၊ ထီးဝါပလောကျေးရွာရှိ ဘေးမဲ့ ဘုန်းတော်ကြီးကျောင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊   ဝေါလေမြိုင်မြို့ အမှတ် (၂) ရပ်ကွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်းနှင့် ရေစင်၊ရေစစ်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊   စုကလိမြို့၊အမှတ် (၁) ရပ်ကွက်ရှိ ဒီဇယ်ဓာတ်အားပေးစက်မောင်းနှင်ခြင်းလုပ်ငန်းအတွက် (၆) လစာ ကုန်ကျမည့်စက်သုံးဆီထောက်ပံ့ခြင်းလုပ်ငန်းနှင့် မြဝတီမြို့နယ် ဝေါလေမြိုင်မြို့ အမှတ်(၂) ရပ်ကွက် (၁၇၆) ရက်အတွက် ဒီဇယ်ဆီတင်ပြတောင်းခံခြင်းလုပ်ငန်းများ ပါဝင်သည်။

အဆိုပါလုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျော့ချရေးရန်ပုံငွေကျပ်သိန်း ၁၀၀၀ ဖြင့်ဆောင်ရွက်မည့်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်