သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် ကျောင်းသား၊ ကျောင်းသူတို့ပူးပေါင်းကာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က တက္ကသိုလ်ဘုန်းနိုင်၏ “သူ့ကျွန်မခံပြီ” စာအုပ်သည် အရေးကြီးသော သမိုင်းအဖြစ်အပျက်တစ်ခုကို အခြေခံကာ ဇာတ်လမ်းရေးဖွဲ့ထားကြောင်း၊ စာအုပ်ထဲတွင်ပါရှိသည့် သမိုင်းဇာတ်ကောင်များနှင့် အခြားဇာတ်ကောင်များ၏ စရိုက်လက္ခဏာများ၊ ဇာတ်ကွက်အဖြစ်အပျက်များ၊ အားပြိုင်မှုများ၊ ဝတ္ထုကြီး၏ ရည်ရွယ်ချက်၊ စာဖတ်သူများထံပေးလိုသည့် သတင်းစကားများကို ခံစားရေးဖွဲ့ထားကြောင်း စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်မောင်မယ်များအတွက် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အနာဂတ်တွင် ကောင်းမွန်သော လူမှုပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်စေရန်၊ ပညာရေးနယ်ပယ်မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ခေတ်ပညာတတ်လူငယ်များမှ စာဖတ်ဝါသနာပါသူများ၊ စာအုပ်စာပေဝါသနာရှင်များစုစည်း၍ စာပေချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများစသည့် စာအုပ်ပြပွဲများ၊ စာပေဟောပြောပွဲများနှင့် စာအုပ် စာစောင် ဝေဖန်သုံးသပ်ပွဲများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းအောင်