စစ်ကိုင်းမြို့နယ်တွင် ဒေသထွက်နှမ်းပေါ်ချိန် အရောင်းအဝယ်ဖြစ်နေသော်လည်း တောင်သူ အကျိုးအမြတ်နည်း

စစ်ကိုင် ဒီဇင်ဘာ ၂

စစ်ကိုင်းမြို့နယ်တွင် ဒေသထွက်နှမ်းပေါ်ချိန် အရောင်းအဝယ်ဖြစ်နေသော်လည်း အထွက်နှုန်းနည်းခဲ့ပြီး ယမန်နှစ်ကထက်အဖွင့်ဈေးနှုန်းကျဆင်းခဲ့သဖြင့် တောင်သူများရရှိမှု အကျိုးအမြတ်နည်းခဲ့ကြောင်း ကုန်အဝယ်ဒိုင်သို့ နှမ်းလာရောက်ရောင်းချသည့် တောင်သူများ ထံမှသိရသည်။

နှမ်းဖြူနှင့်နှမ်းအနက်(နှစ်)မျိုးကို စိုက်ပျိုးကြသည့်အနက် နှမ်းအနက်မှာ ဈေးကွက်တွင် နှမ်းဖြူထက် ဈေးနှုန်းပိုရသဖြင့်အစိုက်များကြောင်း ယခုနှစ်အထွက်နှုန်းနည်းရခြင်းမှာ နှမ်းစိုက်ပြီး အပွင့်သိမ်းချိန် မိုးမရရှိသဖြင့် အထွက်နှုန်းနည်းခဲ့ကြောင်း ကနဦးဈေးကွက်မှာလည်း ဈေးနှုန်းက ယမန်နှစ်က နှမ်းအနက်တစ်တင်းကို ခြောက်သောင်းကျပ်မှစ၍ သန့်စင်မှုအပေါ် မူတည်ကာ ဈေးနှုန်းပေးကြောင်း ယခုနှစ်ကနဦးအဖွင့်ဈေးမှာ နှမ်းအနက်တစ်တင်းကို ငါးသောင်းကျပ် အထက်၊ နှမ်းဖြူတစ်တင်းဈေးမှာ လေးသောင်းကျပ်အထက်နှင့် ရက်ပိုင်း အရောင်းအဝယ်စဖြစ်ခဲ့ကာ ယခုရက်ပိုင်းမှာတော့ ဈေးနှုန်းမြင့် တက်၍လာပြီး အရောင်းအဝယ် ဖြစ်နေသော်လည်း တောင်သူအနေဖြင့် မိုးကိုမျှော်ကာစိုက်ပျိုးရသဖြင့် အပွင့်သိမ်းမိုး(၁၅)ရက် ခန့်နောက်ကျသဖြင့် နှမ်းအထွက်နှုန်းနည်းခဲ့ကာ အကျိုးအမြတ်နည်း ခဲ့ကြောင်း စာရေးကျေးရွာ (နောက်)မှတောင်သူ ဦးမြင့်ထွန်းက ပြောကြားခဲ့သည်။

မျိုးဝင်း(ပြန်/ဆက်)