မင်းဘူး ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ (၉)ဦး ဆေးရုံဆင်းသတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်တာကြောင့် (ဒီဇင်ဘာ ၂ ရက်) ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။
ဆေးရုံဆင်းခွင့်ရရှိသူ(၉)ဦးအနက် ဆင်ခေါင်းကျေးရွာမှ နှစ်ဦးနှင့် ရေပုတ်ကျေးရွာမှ နှစ်ဦး တို့မှာ ရန်ကုန်မြို့မှ ပြန်လာသူများဖြစ်ကြောင်း၊ ကုလားပါးကျေးရွာမှ လေးဦးမှာ ဒေသတွင်း ကူးဆက်မှု အနံ့ပျောက်လူနာနှင့် ဆက်စပ်သူများဖြစ်ပြီး စကုမြို့ ကျောင်းရွာရပ်ကွက်မှ တစ်ဦးမှာ ပိုးတွေ့ယာဉ်မောင်းနှင့် ဆက်စပ်သူ ယာဉ်နောက်လိုက်ဖြစ်ကြောင်း၊ ရန်ကုန်(NHL)ကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဓါတ်ခွဲနမူနာ ရယူပေးပို့စစ်ဆေးခဲ့ရာမှ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ပိုးတွေ့အဖြေသိရှိ ခဲ့ရကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Home Quarantine (၇)ရက် ဆက်လက် နေထိုင်သွား ရမည်ဖြစ်ကြောင်း သိရသည်။
“ဒေသတွင်းကူးဆက်မှုနှုန်း မြင့်မားလာတာကြောင့် လူစုလူဝေးရှောင်ကြဖို့၊ မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြဖို့၊ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်း Mask တပ်ဆင်ကြဖို့နဲ့ ကိုယ့်မိသားစု အပြင် အခြားမိသားစုတွေကိုလည်း ကိုယ်ချင်း စာနာသနားကြဖို့နဲ့ ချမှတ်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေကို စနစ်တကျလိုက်နာကြဖို့ လိုအပ်ပါတယ်”ဟု ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်မှ တိုက်တွန်းပြောဆိုထားသည်။
မင်းဘူးမြို့တွင် ဒီဇင်ဘာ (၂)ရက်နေ့ နံနက်ပိုင်းအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ (၁၂၅) ဦး အထိ တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၁၀၈)ဦးရှိကာ တက်ရောက်ကုသဆဲလူနာ (၁၅) ဦးကျန် ရှိကြောင်း၊ ပိုးတွေ့အတည်ပြုလူနာများထဲမှ သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောကြားသည်။
မောင်မောင်(မင်းဘူး)