နတ်တလင်းမြို့၌ ကလေးစာပေပွဲတော် (တတိယ) အကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ

နတ်တလင်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်တွဲလက်များအဖွဲ့ ပရဟိအဖွဲ့များ စာပေချစ်သူများအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော နတ်တလင်း ကလေးစာပေပွဲတော် (တတိယ) အကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း၊ ပြိုင်ပွဲ၊ ပြခန်းများ ပြသနိုင်ရေး စတင်ပြင်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

နတ်တလင်းကလေးစာပေပွဲတော်တွင်  ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဂိမ်းကစားနည်းများ၊ စကားပုံဆက်၊ အရုပ်ဆက်နှင့် ကစားနည်းအမျိုးမျိုး၊ ကလေးစာဖတ်ခန်း၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်အရောင်းဆိုင် (၅) ဆိုင်၊ ပန်းချီပြခန်းနှင့် အသိပညာပေးပြခန်း (၁၆ ) ခန်းတို့ ထည့်သွင်း ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပွဲတော်အား ဇန်နဝါရီ ၁၁ ရက် တစ်ရက်တည်းသာ နတ်တလင်းမြို့၊ ရန်ကုန်-ပြည်လမ်းရှိ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား လူငယ်များနှင့် ဒေသခံပြည်သူများ လာရောက်ပါဝင် ဆင်နွှဲနိုင်ရန်အတွက် အနီးပတ်ဝန်းကျင်မြို့များ မြို့‌ပေါ်ရပ်ကွက်နှင့်‌ ကျေးရွာများသို့ လိုက်လံအသိပေး လှုံ့ဆော်ကြေညာ‌ပေးခြင်း၊ ပွဲတော်ကျင်းပရေးလုပ်ငန်း ဆပ်ကော်မတီမှ‌ ပွဲ‌တော်ကျင်းပမည့်‌  ကျောင်းဝန်းအတွင်း သန့်ရှင်း‌ရေးဆောင်ရွက်ခြင်း၊ ပြခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊  ပြိုင်ပွဲနှင့်ကစားပွဲများ ပြုလုပ်ရန် နေရာများပြင်ဆင်ခြင်း၊ မုခ်ဦးများ ပြင်ဆင်ခြင်း၊ ထီးများအလှချိတ်ဆွဲခြင်း၊ ‌ရောင်စုံအလှမီးများ တပ်ဆင်ထွန်းညှိခြင်း၊ ဖျော်ဖြေရေးခန်းမများနှင့် စာဖတ်ခန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပွဲတော်တွင် အလှူရှင်များမှ  စတုဒိသာမုန့်နှင့် အချိုရည်ကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)