ကြည့်မြင်တိုင်မြို့နယ်တွင် သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေး

ကြည့်မြင်တိုင် ဒီဇင်ဘာ ၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များ အား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်း သို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း ကရင်အမျိုးသားရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ဗားကရားလမ်းပေါ်ရှိ ထီးတန်းစျေးထိပ်  (၃)နေရာခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါစျေးရောင်းချမှုအား မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်း၊ ခရိုင်စည်ပင်(စီမံ) ဌာနခွဲမှူး ဦးသန်းဦးတို့မှ ကြည့်ရှုအားပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံးစားသောက်ကုန်များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုသည် ကြည့်မြင်တိုင်မြို့နယ်တွင် စတုတ္ထအကြိမ် ရောင်းချပေးခြင်းဖြစ်ပြီး  အလှည့်ကျ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)