မုံရွာ ဒီဇင်ဘာ ၃
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄) မြို့နယ် တို့တွင် မိုးလုံလေလုံ အားကစားရုံများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ များကို ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်တင်းဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝက်လက်၊ ဒီပဲယင်း၊ တန့်ဆည်နှင့် ကျွန်းလှမြို့နယ်တို့တွင် မိုးလုံလေလုံ အားကစားရုံများကို တည်ဆောက်ပေးသွားမည် ဖြစ်သည်။
“ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအဆောက်အဦတွေကလည်း မရှိမ ဖြစ်လိုအပ် ပါတယ်၊ အဲဒိအတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာအဓိကလိုအပ်တဲ့ မိုးလုံလေလုံအားကစားရုံတွေကို ဘဏ္ဍာရေးနှစ်အလိုက်ဆောက်လုပ်ပေးတဲ့နေရာမှာ အခု ဘဏ္ဍာရေးနှစ်မှာတော့ မြို့နယ်(၄)ခုမှာ အားကစားရုံ (၄)ရုံကို ဆောက်လုပ် ပေးသွား မှာဖြစ်ပါတယ်၊ အားကစားရုံအားလုံးဆောက်လုပ်ဖို့ အခုတင်ဒါခေါ်ယူပြီးပါပြီ၊ အခုလ(၁၄) ရက်နေ့မှာ တင်ဒါဖွင့်ဖောက်တာလုပ်မှာပါ တင်ဒါအောင်တဲ့ကုမ္ပဏီတွေက အခုဘဏ္ဍာ ရေးနှစ် အတွင်းမှာအပြီး ဆောက်လုပ်ပေးရမှာဖြစ်ပါတယ် ”ဟု စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၄)ခုရှိ မြို့နယ်အားကစားကွင်းများ အတွင်း၌၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေဖြင့် အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေနှင့် အမြင့်(၃၆)ပေရှိ မိုးလုံ လေလုံအားကစားရုံ (၄)ရုံအား တင်ဒါစနစ်ဖြင့် ဆောက်လုပ် ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)