ပြည် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင် (ဆင်မကြပ်)လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ ပူးပေါင်းအဖွဲ့က အဆိုင်းသုံးဆိုင်းဖြင့် နေ့/ည မပြတ်အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်-ပြည်လမ်းမပေါ်ရှိ အဆိုပါဂိတ်တွင် ပြည်မြို့သို့ ဝင်ထွက်သွားလာသည့် ကုန်တင် ကားကြီးများ အပါအဝင် မော်တော်ယာဉ်များကို ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည်၊ ဖုန်းနံပါတ်၊ ထွက်ခွာလာသည့် နေရာနှင့် သွားရောက်မည့်နေရာတို့ကို စစ်ဆေးမေးမြန်း၍ မှတ်တမ်းရေးသွင်းခြင်း၊ ယာဉ်ပေါ်ပါသူ အားလုံးကို သက်ဆိုင်ရာဒေသအလိုက် အုပ်ချုပ်ရေး အဖွဲ့နှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ ခရီးသွား ထောက်ခံချက်နှင့် ကျန်းမာရေး ထောက်ခံချက်များ ပါ/မပါစစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်လာ သူများကို လည်း အလားတူ ထောက်ခံချက်များပါ/မပါ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် Stay Home ထုတ်ပြန်ထားသော နယ်မြေများမှ လာရောက်ခြင်းကို လုံးဝ (လုံးဝ)မြို့တွင်းသို့ ဝင်ခွင့်မပြုကြောင်းနှင့် ယင်းကိုအထူးကြပ်မတ်စစ်ဆေး၍ ခိုးဝင်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ တရားစွဲဆိုအပြစ်ပေး အရေးယူခြင်းတို့ကို ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ပြည်မြို့တွင် (ဆင်မကြပ်ဂိတ်)အပါအဝင် နဝဒေးတံတားဂိတ်၊ (တာဂွ) လမ်းဆုံဂိတ်နှင့် နဝင်း(ကင်းချောင်းတံတားဂိတ်) စသည့် ဂိတ်(၄)ဂိတ်တို့တွင် ခရိုင်အတွင်း မြို့နယ်များနှင့် အခြားဒေသများမှ ဝင်ထွက်သွားလာခြင်းများကို အလားတူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
မင်းမင်းစိုး(ပြန်/ဆက်)