ရန်ကင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးစတင်ထိုးနှံ

 

ရန်ကင်း ဒီဇင်ဘာ ၃

သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန် အတွက် အသက်(၉) နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များကို (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုး လုပ်ငန်းကို ပုံမှန်ကာကွယ် ဆေးထိုး လုပ်ငန်း များတွင် ထည့်သွင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ အသက်(၉) နှစ်မှ (၁၀)နှစ် အတွင်း အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဒီဇင်ဘာလ (၂)ရက်နေ့ မှ စတင်ကာ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင်  ရန်ကင်း မြို့နယ်ဒေသန္တရကျန်းမာရေးဌာနနှင့်ဘောက်ထော်ကျန်းမာရေး ဌာနခွဲ  တို့၌ ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာနေ့ရက်များတွင် နံနက်(၉)နာရီမှနေ့လယ်(၃)နာရီအထိ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ  လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် နေရာတစ်နေရာ လျှင်လူဉီးရေ (၅၀)ဉီး ခွဲကာ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိ ရသည်။

ရန်ကင်းမြို့နယ်တွင် သားအိမ်ခေါင်းကင် ဆာကာကွယ်ဆေးထိုး နှံမည့်အမျိုးသမီးဉီးရေ (၆၃၀)ဉီး ခန့်  ရှိပြီး ပြည်သူများအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်ကို သိရှိနိုင်ရန် အတွက် သက်ဆိုင်ရာ ရပ်ကွက်များတွင် တာဝန်ရှိသူများက  လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။

 

ခင်လေး  (ပြန်/ဆက်)