ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ငဖဲ ဇန်နဝါရီ ၁၀

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သူ တိုးပွားရေးအတွက် စာအုပ် စာပေ ချစ်မြတ်နိုး သူများ(Book Club)အသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ယုယုသိန်း က စာပေဝါသနာ ပါသူများအနေဖြင့် အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးပြောကြားတတ်သော အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် (Book Club)အသင်းဥက္ကဋ္ဌ ဦးသန်းဦးမှ ဦးဆောင်ကာ စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသည့် အလုပ်ဆိုတာ အင်အားပါ စာအုပ်တွင်ပါဝင်သည့် အလုပ်လုပ်ခြင်း၏ သဘောတရား၊ အလုပ် လုပ်ရာမှာ အောင်မြင်စေလိုလျှင် အများနှင့်ပြေလည်အောင် ဆက်ဆံတတ်ရန် လိုအပ်ကြောင်း၊ အလုပ် လုပ်စဉ် ထားရှိသင့်သော သဘော သဘာ၀များ၊ စိတ်နေစိတ်ထားများ၊ စေတနာထားရှိရန်နှင့် ဇွဲသတ္တိကို အထူးမွေးမြူရန် လိုအပ်ကြောင်းကို အခန်းစဉ်အလိုက် (Book Club) အသင်းအဖွဲ့ဝင် များဖြစ်ကြသည့် ဦးသန်းတင့်၊ ဦးကျော်မင်းထွန်းနှင့် ဒေါ်ခင်မာကြည် တို့က အသီးသီး ဆွေးနွေး ကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၊ ကျောင်းသားကျောင်းသူများ က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ဆွေးနွေးဖြေကြား ပေးခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)