မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စားသောက်ဆိုင်များ COVID-19 ရောဂါကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်ရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေး

ကျိုက်ထို ဒီဇင်ဘာ ၃

မွန်ပြည်နယ် သထုံခရိုင်  ကျိုက်ထိုမြို့နယ်တွင်  ဖွင့်လှစ်‌ရောင်းချလျှက်ရှိသော စားသောက် ဆိုင်များ၊  လက်ဖက်ရည်ဆိုင်များအနေဖြင့် COVID-19   ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ  စံသတ် မှတ်ချက်များနှင့်ကိုက်ညီပြီး  (A) အဆင့်  သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် ဒီဇင်ဘာ(၂)ရက် နေ့လည် (၁)နာရီခန့်က ဌာနဆိုင်ရာတာဝန်ရှိသူများမှ  လိုက်လံစစ်ဆေး  ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးအရာရှိ  ဦးတင်ထွေး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ကြူကြူဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက  မြို့နယ်အတွင်း (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ် ခွင့်ပြုနိုင်ရေးအတွက်  ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကျန်းမာရေးစည်းကမ်းချက်များ၊ ဆိုင်အဝင်အထွက် တွင် COVID-19   ရောဂါ ကာကွယ်ရေးဆိုင်ရာ ပိုစတာဆိုင်းဘုတ်များ တပ်ဆင် ထားရန်၊ လက်ဆေးဘေစင်များ၊ Hand Gel လက်သန့်ဆေးရည်များထားရှိရန်၊ ရောင်းချ ရာတွင်  Maskနှင့် Face Shield တပ်ဆင်ရန် စသည့်စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကို လိုက်လံစစ်ဆေးပြီး သန့်ရှင်းသပ်ရပ်စွာ စနစ်တကျရောင်းချရန် ပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် စစ်ဆေးအဖွဲ့မှစိစစ်ပြီး   ဖွင့်လှစ်ခွင့်ပြုထားသော ဆိုင်များမှ  စည်းကမ်းဖောက်ဖျက် သောဆိုင်များနှင့်ခွင့်ပြုချက်မရှိဘဲမိမိသဘောဖြင့်ဆိုင်ထိုင်စားသောက်ခွင့်ပြုပြီး(ပါဆယ်စနစ်ရောင်းချခြင်းမဟုတ်ဘဲ) ရောင်းချသောဆိုင်များအား စစ်ဆေးတွေ့ရှိရပါက   ပထမအကြိမ် အဖြစ် သတိပေး လက်မှတ် ရေးထိုးခြင်း၊ ဒုတိယအကြိမ်အဖြစ်  ဒဏ်ငွေတပ်ရိုက်ခြင်း၊  တတိယအကြိမ် အဖြစ်ဆိုင်အား ရက်အကန့်အသတ်တစ်ခုအထိ   ပိတ်သိမ်းခြင်းများနှင့်  မွန်ပြည်နယ်  စည်ပင်သာယာရေး ဥပဒေနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေတို့အရအရေးယူခြင်းခံရမည် ဖြစ်ကြောင်း  ကျိုက်ထိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

သန်းသန်းမော်(ကျိုက်ထို)