ရေဦး ဇန်နဝါရီ ၁၀
၂၈ ရွာမြောက်အဖြစ် ရေဦးမြို့နယ်၊ ကံသာကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးနှင့် မြို့နယ်တာ၀န်ရှိသူများ ယမန်နေ့ ညနေ ၅ နာရီက တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် နိုင်ငံတော်က ကမ္ဘာ့ဘဏ်မှ JICA ချေးငွေဖြင့် နိုင်ငံတော်ဓာတ်အားသုံးစနစ် ပထမအဆင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP) ကို လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ရေဦးမြို့နယ်တွင် ကျေးရွာပေါင်း (၁၉၁) ရွာရှိပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် ကျေးရွာပေါင်း (၅၆) ရွာကို လျှပ်စစ်မီးလင်းရေး အလေးထားဆောင်ရွက် ပေးလျက်ရှိသည်။ ကျေးရွာအရောက် လျှပ်စစ်ထရမ်စဖော်မာ တည်ဆောက်ခြင်းနှင့် ( 11 / KV ) ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို အေဘယ်၀င်းနားကုမ္ပဏီ တာ၀န်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာတွင်း မီးလင်းစေရေး ကျေးရွာမီးလင်းရေးကော်မတီက တာ၀န်ယူဆောင်ရွက်ခဲ့သည်။
သန်းသန်း (ရေဦး)