ကြို့ပင်ကောက် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ သုတရတနာ စာကြည့်တိုက်တွင် အသုံးပြုသွားမည့် သုတရသ စာအုပ်စာစောင်များအား စနစ်တကျစာရင်းရေးသွင်းပြုစုနိုင်ရေးအတွက် စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များ၊ ကျေးရွာရှိ စာဖတ်ဝါသနာရှင် လူငယ်လူရွယ်များအား အသိပညာပေးဆောင်ရွက်ခြင်းကို ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းကုန်းကြီးကျေးရွာ သုတရတနာစာကြည့်တိုက်တွင်ထားရှိအသုံးပြုမည့် ပရိဘောဂပြုလုပ်ခြင်း များလည်း အားလုံးပြီးစီးသွားပြီဖြစ်ကြာင်း စာကြည့်တိုက်အတွက် ဝယ်ယူထားသည့် သုတရသစာအုပ်များအား ပျက်ဆီးပျောက်ဆုံးမှုမရှိစေရေး စာဖတ်သူများအားငှားရမ်းနိုင်ရေးအတွက် စနစ်တကျစာရင်း ရေးသွင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းလေးနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝင်းတို့က ကျေးရွားစာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များအား အသိပညာပေး လေ့ကျင့်ပေးခြင်းကိုဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးရွာစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းထံမှ သိရသည်။
အဆိုပါ ကျွန်းကုန်းကြီးကျေးရွာ သုတရတနာစာကြည့်တိုက်အား ဆောက်လုပ်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြာင်း ကျေးရွာအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ဝါသနာရှင်များ ဖတ်ရှုနိုင်ရန် သုတရသစာအုပ် ၇၀၁ အုပ်ဖြင့် ဖေဖေါ်ဝါရီလအတွင်း ဖွင့်လှစ်သွားနိုင်ရေး စီစဉ်ဆာင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)