ဒဂုံတောင် ဇန်နဝါရီ ၂၈
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဒေါက်တာရွှေပြည်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်က လူငယ်များ အသိပညာရရှိစေရေး ဟောပြောရာတွင် လူငယ်များအတွေးအခေါ်မှန်ကန်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပခုံးပြောင်းလွှဲယူမည့် လူငယ်များ၏ စွမ်းဆောင်ရည်၊ စိတ်ဓာတ်ရေးရာ မြင့်မားခိုင်မာမှု စတဲ့အချက်များအပေါ်မှာ များစွာမူတည်ပါကြောင်း၊ မိမိတို့နှစ်သက်ရာကို မိဘများကိုပြောပြပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးအထူးဂရုပြုကြစေလိုကြောင်းနှင့် ဖုန်းအသုံးပြုခြင်း အားသာချက်၊ အားနည်းချက်များ စသည်ဖြင့်ပြောကြားပြီးနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းနိုင်လင်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များ၊ ကျန်းမာစေရန် နေထိုင်စားသောက်နည်းများ၊ အရက်နှင့် ဆေးလိပ်များ ရှောင်ရှားကြစေရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူငယ်များဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် လူငယ်များဖွံ့ဖြိုးရန်အဓိကအရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်ကျော်ကျော်က အားကစားမှရရှိသော အကျိုးကျေးဇူးများ၊ အားကစားနည်းအမျိုးအစားများ၊ အားကစားသမားများတွင်ရှိသင့်သော အရည်အချင်းများအကြောင်း အသီးသီးဟောပြောခဲ့ကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်တို့က ကျောင်းအုပ်ဆရာမကြီးထံ အားကစားပစ္စည်းများပေးအပ်ကြောင်း သိရသည်။
ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်က ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက physical fitness dance အကများ၊ ကရာတေး၊ တိုက်ကွမ်ဒိုနှင့် မြန်မာ့သိုင်း အားကစားနည်းများ သရုပ်ပြကြရာ မြိုနယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဆရာဝန်ကြီးတို့က ဂုဏ်ပြုဆုငွေများချီးမြင့်ကြောင်းနှင့် အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဒေါက်တာရွှေပြည်စိုး၊ ခရိုင်ပညာရေးမှူး ဦးငွေသူရ၊ ခရိုင်အားကစားနှင့်လူငယ်ရေးရာမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား (၃၀၀) ဦး တက်ရောက်ကြကြောင်း သိရသည်။
ကျော်စွာမိုး