မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ အခမဲ့ဖြန့်ဝေ

မင်းဘူး ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လမ်းသွားလမ်းလာများနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုနှင့် ပတ်သက်၍  “ဒေသတွင်းကူးစက်မှုနှုန်း မြင့်မားလာတာ ကြောင့် အခုလို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ပြည်တွေအနေနဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့နဲ့ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်း Mask နဲ့ မျက်နှာကာတို့ကို မဖြစ်မနေ တတ်ဆင်ကြဖို့၊ လက်ကိုစနစ်တကျဆေးကြဖို့နဲ့ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာ နိုင်စေဖို့အတွက် အသံချဲ့စက်နဲ့ တလမ်းဝင် တလမ်းထွက် အသိပေး လိုက်လံနှိုးဆော်ရခြင်း ဖြစ်ပါတယ်။ နောက်ရက်တွေမှာ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု မြို့နယ် ကြက်ခြေနီတပ်ခွဲ(၁) တပ်ခွဲမှူး ဦးဇော်လင်းအောင်က ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသန်းဌေး ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ချမ်းသာကြီးပရဟိတ လူမှုကူညီရေး(မင်းဘူး)တို့ ပူးပေါင်းပြီး စေတနာရှင် အလှူရှင် များမှလှူဒါန်းသော  နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ ကို အခဲ့မဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ထိုနောက် အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)