ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၀

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့နံနက် နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ Book Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်မော်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော ခေါင်းဆောင်မှုနဲ့စီမံခြင်း စာအုပ်ထဲတွင်ပါဝင်သော ခေါင်းဆောင်မှုနဲ့ စီမံခြင်း၊ တန်ဖိုးရှိတဲ့ဘဝ၊ စိန်အလှကိုပြကြ ပြိုင်ကြပါ၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနှင့် စိတ်ကောင်းထားရှိ အမှန်ကြီးပွား၏ စသည့် ခေါင်းစဉ်များဖြင့် ဘဝအောင်မြင်တိုးတက်ကြီးပွားရေး စသည့်အချက်များနှင့်ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)