စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် တောင်သူများ ငွေကုန် သက်သာ စေရန် ကောက်ရိတ်ခြွေလှေ့စက်များဖြင့် ရိတ်သိမ်း

ဗန်းမောက် ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ဒေသခံတောင်သူများ မိုးစပါး သီးနှံစိုက်ခင်းများအား ရိတ်သိမ်းရာတွင် တောင်သူများ ငွေအကုန်အကျသက်သာစေရန်နှင့် သီးနှံ အထွက်နှုန်း လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အကူ အညီ ရယူကာ ကောက်ရိတ်ခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

စပါးကောက်ရိတ်ခြွေလှေ့စက်အသုံးပြု၍ ရိတ်သိမ်းခြွေလှေ့ပါက ဒေသခံတောင်သူများအနေ ဖြင့် သီးနှံအရည်အသွေးကောင်းမွန်စေခြင်း၊ သီးနှံအထွက်နှုန်း လေလွင့်ဆုံးရှုံးမှုများသက်သာခြင်း၊ လယ်ယာလုပ်သားများရှားပါးမှု အခက်အခဲများသက်သာစေခြင်း၊ လုပ်ငန်းခွင်တွင်ကျယ်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးသက်ရောက်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးစပါးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ပျိုးဧက ၃၈၈၇၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း၊ တောင်သူများစိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း လျှက်ရှိကြောင်း၊ သီးနှံရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများ နိုဝင်ဘာလ နောက်ဆုံး ပတ်မှ စတင်၍ သိမ်းဆည်းနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ မိုးစပါးစိုက်ခင်းသီးနှံများ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းရခြင်းမှာ လယ်ယာ လုပ်သားများ ရှားပါးလာမှုနှင့် လုပ်ငန်းအခက်အခဲမဖြစ်စေရန်အတွက် ရိတ်သိမ်းခြွေလှေ့ စက်များ ငှားရမ်းခ တစ်ဧကလျှင် ခြောက်သောင်းကျပ်နှုန်းဖြင့် ရိတ်သိမ်းခြွေလှေ့ပေးခြင်း၊ လယ်ယာလုပ်သား ငှားရမ်းမှု သက်သာစေပြီး မြို့နယ်အတွင်း ကောက်ရိတ်စက်များဖြင့် မိုးစပါးသီးနှံစိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့ခြင်းအတွက် အရည်အသွေးကောင်းမွန်သည့် မိုးစပါး များထွက်ရှိလာမည်ဖြစ် ကြောင်း ဒေသခံတောင်သူ ဦးစိုးလွင်ထံမှ သိရသည်။

ကျော်စွာ(ဗန်းမောက်)