စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ငွေကျပ် ၆၁ ဒသမ ၇သန်း ထုတ်ချေး

ဖောင်းပြင် ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဌာန၏ ကျေးလက်နေပြည်သူ များအား လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ သငါကျေးရွာ၌ ၎င်းစီမံ ကိန်းအတွက် ဆဋ္ဌမနှစ်စက်ဝန်း အရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ် ၆၁ ဒသမ ၇သန်း ထုတ်ချေးပေးခြင်းကို မြို့နယ်ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ဌေးနှင့် ဝန်ထမ်းများက ကွင်းဆင်းပြီး ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်တွင် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အရင်းမ ပျောက် လည်ပတ် ရန်ပုံငွေများတိုးပွားလာစေရန် စီမံကိန်းမတည်ငွေ သိန်း(၃၀၀)နှင့် အတိုးရ ငွေများကို ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ထုတ်ချေးပေးခဲ့ရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသူ (၇၃)ဦးအတွက် ငွေကျပ် (၁၀ ဒသမ ၉၅) သန်းကိုလည်းကောင်း၊ မွေးမြူရေးလုပ်ကိုင်လိုသူ(၅၆)ဦးအတွက် ငွေကျပ်(၅ ဒသမ ၆)သန်းကိုလည်း ကောင်း၊ အရောင်းအဝယ်လုပ်ကိုင်လိုသူ (၁၈၀)ဦးအတွက် ငွေကျပ်( ၄၅ ဒသမ ၁၅)သန်းကိုလည်းကောင်း ကျေးရွာမှ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့်အတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

 

ကိုထွန်း(ဖောင်းပြင်)