စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) စာသင်၊စာချနှစ်ထပ်ဆောင်တည်ဆောက်မှု(၉၀)ရာခိုင်နှုန်းပြီးစီး

ကျွန်းလှ ဒီဇင်ဘာ ၃

             စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်တွင်ကျေးဇူးတော်ရှင်သီတဂူဆရာတော် ဘုရားကြီး၏ဩဝါဒလမ်းညွှန်မှု၊ စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊စစ်ကိုင်းIBECဆရာတော် ဒေါက်တာအရှင်သောဘိတ တည်ထောင်သော သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) စာသင်၊ စာချနှစ်ထပ်ဆောင် တည်ဆောက်မှု(၉၀)ရာခိုင်နှုန်းပြီးစီးကြောင်းသိရသည်။

အဆိုပါ(အလျား၁၂၀× အနံ၆၈)ပေစာသင်၊စာချနှစ်ထပ်ဆောင်အားဒေါက်တာခင်ခင်ရီမိသားစု (ရှိုင်းဟုပ်ကုမ္ပဏီ)မှငွေကျပ်သိန်း(၃၀၀၀)လှူဒါန်းခြင်းဖြစ်ကြောင်း၊ဆက်လက်ပြီး(အလျား၂၈၀× အနံ၂၀၀)ပေပင်မကျောင်းဆောင်နှင့်စာသင်၊စာချ(၁၄)ဆောင်တည်ဆောက်မည်ဖြစ်ကြောင်းသီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)အင်ဂျင်နီယာအဖွဲ့မှသိရသည်။

ကျွန်းလှမြို့၊သီတဂူဗုဒ္ဓတက္ကသိုလ်ကို၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်ဖွင့်လှစ်ခဲ့ကြောင်း၊ သံဃာ၊သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဒီပလိုမာတန်း၊ဘီအေတန်း၊အဘိဓမ္မာတန်းများသင် ကြားပေးကြောင်းသိရသည်။

မျိုးဝင်းညို (ကျွန်းလှ)