သန်လျင်၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနား ကျင်းပ

သန်လျင် ဒီဇင်ဘာ ၃

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်အဆင့် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကို  နံနက် ၉ နာရီခွဲက ပဲခူးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံ ဆေးရုံ အုပ်ကြီး ဒေါက်တာ ချိုချိုလွင်က အဖွင့်အမှာစကားပြောကြားပြီး သန်လျင်မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြကြေးမုံက (Human Papillomavirus ) ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာ နှင့် မျိုးပွား လမ်းကြောင်း တွင် ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီးငယ်များကို (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုး လုပ်ငန်းကို ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ထည့်သွင်းထိုးနှံ ဆောင်ရွက် ပေးခြင်းအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ဝမ်းများက (Human Papillomavirus) ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီး ငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများအား စတင်ထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံပြီးသော အမျိုးသမီးငယ်လေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ ချစ်ကိုဟန်၊ ရန်ကုန်တိုင်း ဒေသကြီး ကူးစက်ရောဂါနှိမ်နင်းရေးဌာနမှ (အဖွဲ့ခေါင်းဆောင်) ဆရာဝန် ဒေါက်တာ ရဲလင်းနိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးဌာန ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စုစုလှိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်သီတာစိုးနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေး ထိုးနှံမည့် အမျိုးသမီးငယ်များနှင့် မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် အချိန်အကန့်အသတ်အလိုက် ရပ်ကွက်နှင့် ကျေးရွာများခွဲကာ စနစ်တကျ စီစဥ်ဆောင်ရွက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်ကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ များတွင် တာဝန်ရှိသူများက လိုက်လံအသိပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်ခိုင် (သန်လျင်)