အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ် ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်

ရန်ကုန် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။

နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊မီးသတ်ဦးစီးဌာန၊မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ် ဖြင့် လှည့်လည်ကာ(COVID-19) ရောဂါ ကူးစက်ခံရခြင်း မရှိစေရေးအတွက် ကျန်းမာရေး နှင့်အား ကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူ များ မဖြစ်မနေပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကို ဆက်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ နေကြရန် စသည်တို့ကို လှည့်လည် နှိုးဆော်ခဲ့ ကြသည်။

အင်းစိန်မြို့နယ်၊မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ တစ်ရက်ခြားစီ ည(၇)နာရီအချိန်မှ ည(၁၁)နာရီအချိန် လှည့်လည်နှိုးဆော်ပေး လျက်ရှိပြီး  အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)