လှိုင်းဘွဲ ဒီဇင်ဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လှိုင်းဘွဲမြို့နယ်၌ ခွင့်ပြုငွေကျပ် (၁၄၆ ဒသမ ၈၂၂) သန်းဖြင့် ကြာအင်းရွာ လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာလမ်းကို ဒေါနကြယ်စင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကြာအင်းရွာ လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာလမ်း(၇)ဖာလုံ၊ ကတ္တရာခင်းခြင်း လုပ်ငန်း ကို (၂၇.၁၀.၂၀၂၀)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ (၃.၁၂.၂၀၂၀)ရက်နေ့တွင် လုပ်ငန်းများ ပြီးစီးပြီးဖြစ်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဒေါနကြယ်စင် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာတို့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ကြာအင်းကျေးရွာ လှိုင်းဘွဲ-ရှမ်းရွာသစ် အနီးပတ်ဝန်ကျင်ရှိ အကျိုးပြုကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၂၃၉၉)၊ လူဦးရေ(၁၄၃၉၀)ဦးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြု သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)