ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း တွံတေး၌ဆောင်ရွက်

တွံတေး  ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက် တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆေးထိုး၊ ဆေးတိုက်လုပ်ငန်းတွင် အသဲရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောစသည့်(၅)မျိုးစပ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ဦးနှောက်အမြှေးရောင်၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါများကို ကလေးများ အတွက်ကာကွယ်ပေးကြောင်း တာဝန်ရှိသူဆရာမဒေါ်မေမေဦးထံမှသိရှိရသည်။

ဆေးထိုးဆေးတိုက်ခြင်းကို ကလေးငယ်များ၏အသက်အပိုင်းအခြားအလိုက် ဆောင်ရွက်ခြင်း ဖြစ်ကာ မြို့ပေါ်ရပ်ကွက်များနည်းတူ ကျေးရွာများ၌ပါ လစဉ် (၁) ရက်နေ့မှ စတင် ဆောင်ရွက်ပြီး ကိုဗစ်- ၁၉ကာလ လူစုလူဝေး မဖြစ်ပေါ်စေရေး ကျန်းမာရေး ဝန်ထမ်းများက တစ်နေ့ကို ကလေး(၅၀)ဦးကိုသာ ကာကွယ်ဆေးထိုးဆေးတိုက်ဆောင်ရွက်ကြောင်းသိရှိရသည်။

တွံတေးမြို့ပေါ် (၈)ရပ်ကွက်တွင် ကလေးငယ်(၆၀၀)နီးပါး ကာကွယ်ဆေးထိုး၊ဆေးတိုက် ဆောင်ရွက်ရ ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)