ဆိပ်ဖြူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာမှ စက်ရက်ကန်းလုပ်ကိုင်သူ တစ်ဦးက ဒေသခံပြည်သူအများ၏ အဝတ်အစားနှင့် အသုံးအဆောင်များအတွက် ဖျင်ကြမ်းထည်များကို တွင်ကျယ်စွာ ရက်လုပ် ရောင်းချနေရကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ရက်ကန်းလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် ကျေးရွာအချို့တွင်လက်ရှိအချိန်အထိ မိသားစု ဝင်ငွေရ ရှိရေးအတွက် လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြပြီး ၊နိုင်ငံတော်အစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကျေးရွာများ လျှပ်စစ်မီးလင်းရေးစီမံချက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈ခုနှစ်ရန်ပုံငွေဖြင့် ရရှိလာခဲ့သည့် လျှပ်စစ်မီးအကျိုး ကျေးဇူးတို့ကြောင့် ဒေသခံပြည်သူများ လက်မှုလုပ်ငန်းများမှ အသေးစားစက်မှုလုပ်ငန်းသို့ ကူးပြောင်းနိုင် ခဲ့သည့်အပြင် လျှပ်စစ်မီး ရရှိခြင်း အကျိုးကျေးဇူးဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လက်ဆည် ကျေးရွာတွင် အသေးစား စက်မှုလုပ်ငန်း စက်ရက်ကန်းကို ဝေါလ်ဗီးရှင်းမြန်မာဆိပ်ဖြူမြို့နယ်ရုံး၏ ထောက်ပံ့အကူအညီ အများဖြင့် ၂၀၁၉ခုနှစ်မှ စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ လက်ရှိအခြေအနေမှာ ဒေသခံပြည်သူများအကြိုက် ချည်ဖျင်ကြမ်း ထည်များ ကိုရက်လုပ် ဆောင်ရွက်နေရပြီး ၊တောင်သူများက လုပ်ငန်းခွင်တွင် ပူလောင်သည့်ရာသီဥတုဒဏ်ခံနှင့် တာရှည်ခံနိုင်သည့်အတွက် ကြိုက်နှစ် သက်၍ ဝယ်ယူမှုများကြောင်း ၊လက်ရှိမှာ အိပ်ယာခင်းစောင် ၊ပုဆိုး ၊လုံချည် ၊မျက်နှာသုပ်စောင်နှင့် လက်သုပ်ပုဝါများကို ဆောင်ရွက်နေရကြောင်း၊ အိပ်ယာခင်းစောင် (၁၀တောင်)တစ်ပိုင်းကို (၅၀၀၀)ကျပ်ဖြင့်လည်းကောင်း ၊အမျိုးသားဝတ် ပုဆိုးတစ်ထည်(၆၀၀၀)ကျပ်၊ အမျိုးသမီးဝတ်လုံချည်တစ်ထည်လျှင် ( ၅၅၀၀)ကျပ်၊ လက်သုပ်ပုဝါ (၁၀)ထည်အုပ်တစ်ခုလျှင် (၇၀၀၀) ကျပ်တို့ဖြင့် ဒေသတွင်းနှင့် ပေါက်မြို့နယ် ၊ချောက်မြို့နယ် ၊ပွင့်ဖြူမြို့နယ်များအထိရောင်းချနေရပြီး ၊ချည်ကြမ်းထည်မှ ချည်ချောထည်အထိ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ၊စက်ရက်ကန်းချည်ထည် ဒီဇိုင်းများကို အွန်လိုင်းမှရရှိသော နည်းများအပြင် သင်ပြပေးခဲ့သည့်ဆရာများ၏ နည်းပညာများဖြင့် ပေါင်းစပ်၍ စက်ရက်ကန်းလုပ်ငန်းကို ဆောင်ရွက်လျှက် ရှိကြောင်း စက်ရက်ကန်းလုပ်ကိုင်သူ ဦးဖိုးဇော်မှ ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)